Pages




Sunday, May 10, 2015

သူတော်ကောင်း၏ ကလဲ့စား ( ၃ )

သူတော်ကောင်း၏ ကလဲ့စား ( ၃ )
*************************

“ ဗုဒ္ဓနဲ့ခေတ်ပြိုင် နိဂဏ္ဍနာဋပုတ္တ အမည်ခံ ဘာသာရေးခေါင်းဆောင်တစ်ဦး ပေါ်ထွန်းခဲ့ဖူးတယ်။ သူက ကံသုံးပါးမှာ ကိုယ်နဲ့ပြုတဲ့ကံက အပြစ်အကြီးဆုံးလို့ သတ်မှတ်ဟောကြားတယ်။ ဗုဒ္ဓက စိတ်နဲ့ပြုတဲ့မနောကံက အပြစ်အကြီးဆုံးလို့ သတ်မှတ်ဟောကြားတယ်။ သူ့ကို ကိုးကွယ်တဲ့ ဥပါလိအမည်ရှိတဲ့သူကြွယ်က ကာယကံက အပြစ်အကြီးဆုံးဖြစ်ကြောင်း ၀ါဒပြိုင်ဖို့ ဘုရားရှင်ဆီရောက်လာတယ်”

“ဗုဒ္ဓက အမှောင်ထဲမှာ စင်္ကြလျှောက်နေတဲ့ လူတစ်ယောက်ဟာ ပိုးကောင်တွေကို မမြင်ရလို့ မတော် တဆ နင်းသတ်မိသွားတယ်။ အဲဒီ အပြစ်ရှိသလားလို့ မေးလိုက်တဲ့အခါ ဥပါလိက သေစေချင်တဲ့ စိတ်စေတနာ မပါလို့ အပြစ်မရှိကြောင်းဖြေလိုက်တယ်။ အဲဒီမှာတင် ၀ါဒပြိုင်ပွဲက ပြီးသွားပါပြီ။ ကာယကံက အပြစ်အကြီးဆုံး လို့ ဆိုထားတဲ့ သူ့ဆရာရဲ့ဝါဒက မှားယွင်းကြောင်း အလိုလိုဝန်ခံပြီးသား ဖြစ်သွားတယ်လေ”

“ အဲဒီမှာတင် ဘုရားရှင်ရဲ့တရားကို ဆက်နာပြီး သောတာပန်တည်သွားတယ်။ သောတာပန်တည်ပြီး တဲ့နောက် တပည့်တော်အား ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူဟု မှတ်တော်မူပါ ဘုရားဆိုပြီး လျှောက်ထားတယ်။ ဒီအခါ ဘုရားရှင်က ဥပါလိ သင့်အိမ်ဟာ နိဂဏ္ဍဂိုဏ်းသားတွေရဲ့ နေ့စဉ် အလှူခံရာဌာနဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်သွားသော်လည်း နိဂဏ္ဍဂိုဏ်းသားတွေလာရင် အရင်ကအတိုင်း လှူမြဲလှူပါလို့ တိုက်တွန်းတော်မူတယ်”

“ရှင်တို့ ဘုရားက …..ဘာသာဝင်ဖြစ်မှ ထောက်ပံ့ရမယ်၊ မဖြစ်ရင် မထောက်ပံ့ရဘူးလို့တားထားတယ်။ ကျွန်မတို့ ဗုဒ္ဓဘုရားရှင်ကတော့ ဘယ်ဘာသာဝင်မဆို ထောက်ပံ့လို့ရတယ်လို့ ခွင့်ပြုတော်မူခဲ့တယ်။ ဒါဆိုရင် ဘယ်ဘုရားက သဘောထားကြီးတယ်ဆိုတာ ခန့်မှန်းလို့ရနိုင်ပါပြီ။ သဘောထားကြီးတဲ့ ဘုရားရှင်ကို ကိုးကွယ် ထားမိတဲ့ ကျွန်မတို့ဟာ သဘောထားသေးတဲ့ ဘုရားကို ပြောင်းကိုးကွယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ ဘူး”

“ ကျွန်မတို့ ဗုဒ္ဓကိုယ်တော်တိုင်က ဟောတော်မူခဲ့ဖူးပါတယ်။ ငါဘုရား တရားဒေသနာများ ဟောတော် မူနေတာဟာ ဘာသာခြားတွေ ဗုဒ္ဓဘာသာဖြစ်လာဖို့ မဟုတ်ပါဘူး။ စိတ်ထားဖြူစင်လာဖို့ပါတဲ့။ ဒါကိုကြည့်ပြီး ဆရာတော်တစ်ပါးက ဒဿနတစ်ခု ရေးထားပါတယ်”

“ ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုသို့ ကူးပြောင်းအောင်လုပ်ဆောင်ခြင်းမျိုးသည် ထူးခြားသော ၊ မြင့်မြတ်သော လုပ်ဆောင်ခြင်းမျိုးမဟုတ်၊ အတ္တဆန်သောဘ၀မှ အနစ်နာခံသောဘ၀သို့ ရောက်သွားအောင်၊ မည်းညစ်သောဘ၀မှ ဖြူစင်သောဘ၀သို့ရောက်သွားအောင် လုပ်ဆောင်ခြင်းမျိုးသည်သာလျှင် ထူးခြားသော၊ မြင့်မြတ်သော လုပ်ဆောင်ခြင်းမျိုးဖြစ်သည်”တဲ့။

ဒါကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာမှာ ပစ္စည်းပေးပြီး ဘာသာဝင် အရေအတွက်များအောင် ဘယ်တော့မှ မလုပ်ကြဘူး။ ငွေကြေး၊ ပစ္စည်းရလို့ ကိုယ့်ဘာသာထဲဝင်လာတာဆိုရင် ဘယ်မှာတန်ဖိုးရှိတော့မှာလဲ။ ရုပ်ဝတ္ထု ကို မက်တဲ့သူက မိမိတို့ ဘာသာထဲဝင်လာရင်လည်း သူတို့ရဲ့ရုပ်ခန္ဓာကြီးပဲ ၀င်လာမှာပေါ့။ နာမ်လို့ခေါ်တဲ့ စိတ်က ဘယ်မှာဝင်လာပါ့မလဲ”

“ အခုလည်း သိန်း (၁၂၀) ရလို့ ….ဘာသာထဲ ကျွန်မ၀င်လာတယ်ဆိုရင် ကျွန်မရုပ်ခန္ဓာပဲ ဖြစ်မှာပေါ့။ နာမ်ခန္ဓာက ဗုဒ္ဓဘာသာထဲ ကျန်ခဲ့မှာပဲ။ ရုပ်ခန္ဓာသာ မိမိဘာသာထဲဝင်လာပြီး နာမ်ခန္ဓာပါမလာဘူးဆိုရင် လူသေနဲ့ ဘာမှမထူးပါဘူး။ ၂၀၁၀ ခုနှစ် သန်းခေါင်စာရင်းအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ ခရစ်ယာန်ဘာသာဝင်ဦး ရေ သန်းပေါင်း (၁၇၀၀) ကျော်၊ အစ္စလာမ်ဘာသာဝင်ဦးရေ သန်းပေါင်း (၁၂၀၀) ကျော်၊ ဟိန္ဒူဘာသာဝင်ဦး ရေ သန်းပေါင်း (၁၀၀၀)၊ ဗုဒ္ဓဘာသာဝင်ဦးရေ သန်းပေါင်း (၇၅၀) ကျော်ရှိပါတယ်”

“ဗုဒ္ဓဘာသာဝင်ဦးရေဟာ ကမ္ဘာမှာ အနည်းဆုံးဖြစ်ပေမယ့် ၀င်လာသူမှန်သမျှကတော့ ရုပ်ခန္ဓရော၊ နာမ်ခန္ဓာပါ နှစ်ပါးလုံးပါတဲ့သူတွေချည်းပါ။ ငွေကြေးပစ္စည်းရလို့ ဗုဒ္ဓဘာသာထဲဝင်လာတဲ့ သူသေလို ဗုဒ္ဓဘာသာ ၀င်ဟာ မရှိသလောက်ရှားပါတယ်”

“ အဲသလောက်ရှင်းပြရင် ဆရာတို့နားလည်လောက်ပါပြီ။ ကိုယ့်ငွေကိုယ်ပြန်ယူပြီး သွားနိုင်ပါပြီ”

လှလှစကားအဆုံးတွင် မုတ်ဆိတ်ဓမ္မဆရာနှင့် သူဌေးများ ငွေထုတ်ကိုကောက်ယူကာ ခပ်သွက်သွက် ဆင်းသွားကြတော့သည်။

ကိုကိုဖတ်သော စာအုပ်များတွင် မေတ္တာရှင်(ရွှေပြည်သာ)ရေးသားသည့် “ အသေမြတ်ချင် သေနည်း သင်” အမည်ရှိ အိတ်ဆောင်စာအုပ်လေးသည် သူ့နှလုံးသားကို အထိဆုံးဖြစ်သည်။ သူသည် ထိုစာအုပ်ကို ခုနစ်ကြိမ်ထိ ပြန်ဖတ်ဖြစ်သည်။ မည်သည့်ဘာသာဝင်မဆို အသေမြတ်ဖို့အတွက်

၁။ မရဏနုဿတိ ဘာသနာကို နေ့စဉ်အချိန်ရသမျှ ပွားများရမည်။

၂။ လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင် ဒါနပြုရမည်။ ဘာဝနာတစ်ခုခု ပွားရမည်။

၃။ သရဏဂုံသုံးပါး စွဲမြဲကြရမည်။

၎။ မိမိကိုယ်ကို နံ့သားဖြူပင်လေးလို့ဖြစ်အောင် နေရမည်။

ဟူသော အချက်လေးချက်သည် သူ့နှလုံးသားထဲ စွဲဝင်လျက်ရှိသည်။ လင်မယားနှစ်ယောက်လုံး ဗုဒ္ဓ ဘာသာဝင်ဖြစ်သွားကြသောအခါ စီးပွားရေးပါ အဆင်ပြေလာသည်။ ယခုနှစ်ဆိုလျှင် သူတို့သားလေး ရှင်ပြုရ တော့မည်။ လှလှက ဆုံးဖြတ်ချက်ချထားသည်။ စိတ္တသုခကျောင်းဆရာတော်ကြီးသည် သူ့တပည့်ရင်း ….ဘာသာထဲဝင်သွားသောကြောင့် ကျောင်းပြင်သို့ မထွက်ရဲအောင်ပင် အရှက်ရခဲ့ရှာသည်။

မိမိသည်လည်း ဆရာတော်၏ တပည့်တစ်ဦးပင်ဖြစ်သည်။ ထို့ကြောင့် …..ဘာသာဝင်များကို လက် စားချေသောအနေဖြင့် သူ့သားလေးရှင်ပြုသောအခါ ကျောင်းတွင်ရှင်ပြုပြီး၊ ….ဘာသာဝင်ဘ၀မှလာသူ ယောက်ျားကိုလည်း ဒုလ္လဘရဟန်းခံပေးရန် ဆုံးဖြတ်လိုက်သည်။ ဤသည်ကား သူတော်ကောင်း၏ ကလဲ့စား ချေနည်းပင် ဖြစ်ပါလေ၏။

မေတ္တာရှင် - ရွှေပြည်သာ

လူသတ်သမား၏ ကရုဏာ
နှင့် အခြားဝတ္ထုတိုများ

စာအုပ်မှ ကူယူဖေါ်ပြပါသည်။
Admin:

No comments:

Post a Comment